ဒီဇင်ဘာ ၂၂၊ ၂၀၂၄
အာရက္ခတပ်တော်က အကြမ်းဖက် စစ်တပ်ရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ကို အပြီးသတ်သိမ်းပိုက်နိုင်ခြင်း အောင်ပွဲအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့လိုက်ပါတယ်။
အာရက္ခတပ်တော် ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့အတူ ရဲဘော်ရဲဘက်တွေရဲ့ ရဲစွမ်းသတ္တိ အပြည့် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်မှုတွေကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ကို ဒီဇင်ဘာလ (၂၀) ရက်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိတယ်လို့ ဆိုပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလက " ယခု အောင်ပွဲသည် အရက္ခပြည်သူများ၏ အောင်ပွဲဖြစ်သည်သာကမ စစ်အာဏာရှင် စစ်ကောင်စီဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တော်လှန်တိုက်ပွဲဝင် နေကြသည့် မြန်မာပြည်သူတရပ်လုံးနှင့် နိုင်ငံတဝန်းရှိ တော်လှန်ရေးအင်အားစုများအားလုံး၏ အောင်ပွဲဖြစ်ပြီး တော်လှန်ရေးစိတ်ဓါတ်ခွန်အားကို အမြင့်မားဆုံးရောက်ရှိစေသည့် အောင်ပွဲဖြစ်ပါသည်။" တယ်လို့ ပြောကြားခဲ့ပါတယ်။
အခုလို ကြီးမားတဲ့ အောင်ပွဲရရှိဖို့ရာအတွက် အာရက္ခတပ်တော်ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှု၊ ရဲဘော်ရဲဘက်တွေရဲ့ အသက်နဲ့ကိုယ်လက်ခန္ဓာ ပေးဆပ်စွန့်လွှတ်အနစ်နာခံမှု၊ အာရက္ခ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခအမျိုးမျိုးကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှု၊ စည်းလုံးညီညွတ်မှုများကို မှတ်တမ်းတင် ဂုဏ်ပြုတယ်လို့ ဖော်ပြပါတယ်။
၂၀၂၄ ခုနှစ် (၁) နှစ်တာအတွင်း မြန်မာစစ်တပ်ရဲ့ တိုင်းစစ်ဌာနချုပ်ကြီး (၂) ခုကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခြေမှုန်းနိုင်လိုက်တဲ့ ဖြစ်ရပ်ဟာ သမိုင်းဝင်အောင်ပွဲတွေဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ အဆုံးသတ် နေဝင်ချိန် မကြာခင်ရောက်ရှိလာတော့မယ်ဆိုတာကို ပြသလိုက်တာဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ဆိုပါတယ်။
ရခိုင်ပြည်နယ်တခုလုံး စစ်အာဏာရှင် လက် အောက်က မကြာမီ လွတ်မြောက်မှာကို အပြည့်အ၀ ယုံကြည်တယ်ဆိုတာနဲ့ မြန်မာတပြည်လုံး နဲ့ ပြည်သူတရပ်လုံး လွတ်မြောက်ရေးအတွက် စစ်အာဏာရှင် စနစ်နဲ့ စစ်အုပ်စု အဆုံးသတ် ပြုတ်ကျရေး အတူ တကွ လက်တွဲတိုက်ပွဲဝင် သွားမယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြပါတယ်။
Comments